ဇာတ်လမ်း၏ အဆုံးသတ်
ယေရှုနောက်လိုက်တစ်ဦး ဖြစ်တဲ့အတွက် ဘယ်လိုစမ်းသပ်မှုတွေပဲ ကျွန်ုပ်တို့ကြုံတွေ့ရပါစေ သမိုင်းရာဇဝင်ကို ဘုရားသခင်က ထိန်းချုပ်မှာဖြစ်ကြောင်း ကြီးမြတ်တဲ့ အာမခံချက်တစ်ခု ကျွန်ုပ်တို့မှာ ရှိပါတယ်။ သူဟာ ဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိရှိပြီး ဒီအချက်ဟာ ကျွန်ုပ်တို့ကို အမြဲ စိတ်အေးချမ်းပြီး ပျော်ရွှင်စေပါတယ်။
ဗျာဒိတ်ကျမ်း
ဗျာဒိတ်ကျမ်းဟာ ဂရိနိုင်ငံ၊ ပတ်မုကျွန်းကို ပြည်နှင်ဒဏ်ပေးခံရစဉ် တမန်တော်ယောဟန်ဆီ ပေးခဲ့တဲ့ ရူပါရုံမှတ်တမ်း ဖြစ်ပါတယ်။ ဒီကျမ်းဟာ သမ္မာကျမ်းစာမှာ ဖတ်ရအခက်ခဲဆုံး ကျမ်းစောင်ဖြစ်နိုင်ပါတယ်။ ယေရှုနောက်လိုက်တွေကို ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်တဲ့ ကာလအတွင်းမှာ ဗျာဒိတ်ကျမ်းကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ယောဟန်တို့ခေတ်က စာဖတ်သူတွေသာ ကောင်းကောင်းမွန်မွန် နားလည်နိုင်လောက်တဲ့ ကုဒ်တစ်မျိုးနဲ့ ရေးထားခြင်းဖြစ်တယ်လို့ ပညာရှင်များစွာက ယုံကြည်ကြပါတယ်။ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတဲ့ ရူပါရုံအားလုံးမဟုတ်ရင်တောင် အများစုကို ဖြည့်ဆည်းပြီးဖြစ်တယ်လို့ အချို့က ယုံကြည်ကြပါတယ်။
ဒါပေမဲ့ ဓမ္မဟောင်းကျမ်းက ပရောဖက်တွေလိုပဲ ယောဟန်လည်း ဖြစ်မလာသေးတဲ့အရာတွေရဲ့ ရူပါရုံတွေကို မြင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥပမာ ကမ္ဘာပေါ်မှာရှိတဲ့ မကောင်းမှုရဲ့ ရင်းမြစ်ဖြစ်တဲ့ စာတန်ကို ထာဝရအောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာ မကောင်းမှုတွေ ရှိနေဆဲဖြစ်တာကြောင့် ဒီပရောဖက်ပြုချက်က ဖြစ်မလာသေးပါဘူး။
ဗျာဒိတ်ကျမ်းက သင်္ကေတတွေနှင့် ပုံရိပ်တချို့ကို နားလည်ဖို့ ခက်ခဲပေမဲ့ ဒီကျမ်းကို အနည်းဆုံး တစ်ကြိမ်တော့ သင်ဖတ်သင့်ပါတယ်။ ဗျာဒိတ်ကျမ်း ၁:၃ မှာ ဖတ်ရှုသူတွေကို ကောင်းချီးပေးဖို့ ကတိပေးထားပါတယ်။ အသင်းတော်ခုနစ်ပါးထံ ပေးစာတွေ (ဗျာဒိတ်ကျမ်း ၂-၃) မှာ ခေတ်သစ်အသင်းတော်အတွက် ပြောစရာစကားတွေ များစွာကျန်နေပါသေးတယ်။ ဓမ္မဟောင်းပါ ပရောဖက်တွေကို သင်ဖတ်ရှုပြီးပြီဆိုရင် စာအရေးအသားပုံစံတွေကြား ဆင်တူမှုတွေကို သင်တွေ့ရပါလိမ့်မယ်။ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဗျာဒိတ်ကျမ်းကို လုံး၀မဖတ်ရသေးဘူးဆိုရင် အနည်းဆုံး နောက်ဆုံးအခန်းကြီးဖြစ်တဲ့ အခန်းကြီး ၂၂ ကိုတော့ ဖတ်သင့်ပါတယ်။ အဲ့အခန်းကြီးမှာ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ရဲ့ထာဝရအိမ်ဆီ သွားတဲ့အခါ ကျွန်ုပ်တို့ကို စောင့်မျှော်နေတဲ့အရာတွေအကြောင်း မျှော်လင့်ချက်ကောင်းတွေ ရှာတွေ့နိုင်ပါတယ်။