အစဦးမှာ နှုတ်ကပတ်တော်ဖြစ်ပါတယ်
ခမ်းနားသော ကြွချီမှုလား။
ဒီဇင်ဘာလတိုင်း ကျွန်ုပ်တို့က တစ်နှစ်တာရဲ့ အကြီးမားဆုံးပွဲတော်ဖြစ်တဲ့ ခရစ္စမတ်နေ့ကို စောင့်မျှော်ကြပါတယ်။ စတိုးဆိုင်တွေအားလုံး မီးရောင်တွေနဲ့ တောက်ပလို့နေပါတယ် (တစ်နှစ်နှင့်တစ်နှစ် မီးထွန်းတာ ပိုစောလာသလိုပါပဲ)၊ ကျွန်ုပ်တို့အိမ်တွေပတ်ပတ်လည်မှာ မီးကြိုးတွေ တပ်ပြီး ခရစ္စမတ်သစ်ပင်ကို အလှဆင်ကြပါတယ်၊ မြို့ထဲက လမ်းတွေတောင် ဘေးကအဆောက်အအုံတွေရဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင်တွေနဲ့အတူ လင်းထိန်နေပါတယ်။ ပြီးတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ လက်ဆောင်တွေပါပဲ။ ဒီနှစ် ဘာလက်ဆောင်ရမလဲ။ ကိုယ်မျှော်လင့်ထားတာ ရမလား။ ဒီဇင်ဘာ ၂၅ ရက်နေ့ရောက်ဖို့ မစောင့်နိုင်တော့ပါဘူး။
အလွန်တိတ်ဆိတ်သော ကြွချီမှု
ဒီတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ တုန်းက ဒီလိုပဲ ဖြစ်ခဲ့တာလား။ လူတွေ ခရစ္စမတ်ရောက်ဖို့ စောင့်မျှော်နေခဲ့ကြလား။ ယေရှုခရစ်တော်ရဲ့ ဖွားမြင်ခြင်းကို မျှော်မှန်းပြီး သူတို့အိမတွေကို အလှဆင်ခဲ့ကြသလား။ ဒီလို အချိန်အကြာကြီး စောင့်မျှော်နေကြတဲ့ သခင့်မွေးဖွားမှုကို ဂုဏ်ပြုဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်တွေ ဝယ်ပေးခဲ့ကြလား။ သခင့်ကို မွေးဖွားလာတဲ့အခါ နောက်ဆုံးမှာ ကယ်တင်ရှင် ကြွတော်မူလာပြီဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းလုံးကို ကြေညာခဲ့ပါသလား။
ဘယ်ဟုတ်မလဲ။
ဒါဝိဒ်မြို့ (မှတ်မိလား) လို့လည်းခေါ်တဲ့ ဗက်လင်မြို့မှာ သခင်ယေရှုကို မွေးဖွားခဲ့တုန်းက သူ့မွေးဖွားမှုအကြောင်း သိခဲ့သူတွေကို လက်ချိုးရေလို့ရပါတယ်။ ယေရှုအမေ မာရိနဲ့ သူနဲ့စေ့စပ်ထားသူ ယောသပ်တို့ ရှိမယ်။ မာရိနဲ့ ယောသပ်တို့ တည်းခိုနေကြတဲ့ တည်းခိုရိပ်သာပိုင်ရှင်တွေက သူတို့ဆီမှာ နေနေတဲ့ အမျိုးသမီးတစ်ယောက် ကလေးမွေးတာကို သတိပြုကောင်းပြုမိနိုင်ပေမယ့် ဒါဟာ သူတို့အတွက်တော့ ထူးထူးခြားခြား အရေးကြီးမနေပါဘူး။
ဒါပေမဲ့ ကောင်းကင်ဘုံမှာတော့ အတော့်ကို ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြပါတယ်၊ ဘယ်လိုသိလဲဆိုရင် ရှင်လုကာခရစ်ဝင် ၂:၈-၁၄ မှာ သခင်ယေရှုကို ဖွားမြင်တဲ့ညမှာ သိုးထိန်းတချို့ဟာ ကောင်းကင်တမန်တော် အုပ်စုကြီးတစ်စုကို မြင်ခဲ့ရကြောင်း ရေးသားထားလို့ ဖြစ်ပါတယ်။ သူတို့ဟာ ယေရှုလို့ခေါ်တဲ့ ရင်သွေးငယ်လေးကို မွေးဖွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ရုံမက သူဟာ ဂျူးလူမျိုးတွေ အချိန်အကြာကြီး စောင့်မျှော်နေကြတဲ့ မေရှိယဖြစ်ကြောင်း အမှန်တကယ်ပင် ကြွေးကြော်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီအကြောင်းကို တခြားသူတွေ သိရှိဖို့ နောက်ထပ် အနှစ်သုံးဆယ်ကြာခဲ့ပါတယ်။
လူလေးဦး၊ ဇာတ်လမ်းလေးပုဒ်
သခင်ယေရှု သေဆုံးပြီးနောက်၊ ရှင်ပြန်ထမြောက်ပြီးနောက်နဲ့ ကောင်းကင်ဘုံကို တက်သွားပြီးနောက် နှစ်တွေမှာ ယေရှုရဲ့ ဘ၀တာအကြောင်းကို ရေးသားဖို့ လူလေးဦးက မှုတ်သွင်းခံခဲ့ရပါတယ်။ ဓမ္မသစ်ကျမ်းရဲ့ ပထမဆုံး စာအုပ်လေးအုပ်ကို
ဒီအတ္ထုပ္ပတ္တိတွေ (ယေဘုယျအားဖြင့် ခရစ်ဝင်ကျမ်းလို့ ခေါ်ပါတယ်) ရေးသားခဲ့တဲ့ အမျိုးသားတွေကို အစွဲပြုပြီး နာမည်မှဲ့ခေါ်ထားတာဖြစ်ပါတယ်၊ သူတို့နာမည်တွေက မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်ဆိုပြီး ဖြစ်ပါတယ်။
သူတို့က အချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ ယေရှုအကြောင်း ဇာတ်လမ်းကို တခြားသူတစ်ဦးက ရေးနေမှန်းတောင် သူတို့မသိကြပါဘူး။ မဿဲ၊ လုကာနှင့် ယောဟန်တို့က မာကုခရစ်ဝင်ကျမ်းကို ဖတ်ဖူးတာ သေချာသလောက်နီးပါးရှိပါတယ်။ ကျမ်းပညာရှင်တွေက မာကုခရစ်ဝင်ကျမ်းဟာ ယေရှုအကြောင်း ရေးသားခဲ့တဲ့ ပထမဆုံးအတ္ထုပ္ပတ္တိဖြစ်ကြောင်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ခရစ်ဝင်ကျမ်းလေးစောင်ကို တစ်စောင်နှင့်တစ်စောင် သီးခြားစီ ရေးခဲ့တာဖြစ်ပါတယ်။
လူတစ်ဦးက အဖြစ်အပျက်တစ်ခုအကြောင်း ဇာတ်လမ်းတစ်ပုဒ် ပြောပြတဲ့အခါမှာ အရေးကြီးဆုံးလို့ သူတို့ထင်တဲ့အပိုင်းတွေကို အများအားဖြင့် ထည့်သွင်းဖို့ ကြိုးစားကြပါလိမ့်မယ်။ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့လည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့ထဲက တချို့က တခြားသူတွေ မထည့်ထားတဲ့ အဖြစ်အပျက်တွေကို ထည့်ထားပါတယ်၊ တချို့က အဖြစ်အပျက်တွေအကြောင်းကို အနည်းငယ်ကွဲပြားတဲ့ အစဉ်နဲ့ ပြောပြပါတယ်။
ဥပမာပြောရရင် မဿဲနှင့် လုကာတို့သာ သခင်ယေရှုရဲ့ မွေးဖွားပုံအကြောင်းကို ပြောပြပါတယ်။ လုကာရဲ့စိတ်ထဲမှာ သခင်ယေရှုကို အပျိုစင်မိန်းကလေးကနေ မွေးဖွားလာခဲ့ကြောင်း လူတို့သိဖို့ အရေးကြီးပုံရပါတယ်။ မာရိနဲ့ စေ့စပ်ထားသူဖြစ်တဲ့ ယောသပ်ဟာ ယေရှုရဲ့ အဖေမဟုတ်ပါဘူး၊ ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ပါတယ်။ (ရှင်လုကာခရစ်ဝင် ၁:၂၆-၃၈)
မဿဲရဲ့ ခရစ်ဝင်ကျမ်းဟာ ယေရှုရဲ့ မိသားစုအဆက်ဆက်အကြောင်း ဖော်ပြချက်နဲ့ အစပြုပါတယ်။ ဟိုးရှေးရှေးတုန်းက ဘုရားသခင်က အာဗြဟံကို သူ့သားစဉ်မြေးဆက်ကနေ ဆင်းသက်လာမယ့် ဘုရင်တစ်ပါးကနေတစ်ဆင့် ကမ္ဘာကြီးကို ကောင်းချီးပေးမယ်လို့ ကတိပေးခဲ့တာကို မှတ်မိပါသလား (ကမ္ဘာဦးကျမ်း ၁၂း၃)။ ယေရှုဟာ အာဗြဟံရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ ဘုရင်ဒါဝိဒ်ရဲ့ တိုက်ရိုက်မျိုးဆက်ကနေ ဆင်းသက်လာကြောင်းကို မဿဲက ဂရုတစိုက်ဖော်ပြခဲ့ပါတယ်။ ယေရှုကို မွေးဖွားလာခြင်းဟာ အဲ့ရှေးခေတ်ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့တာဖြစ်ပါတယ်။
မာကုနှင့် ယောဟန်တို့ကတော့ ယေရှုအကြောင်းရေးတဲ့အခါ သူတို့ပြောနေတဲ့သူအကြောင်းကို လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပုံရပါတယ်၊ ယေရှုဟာ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်ခဲ့စဉ်က အလွန်ကျော်ကြားခဲ့ပါတယ်။ ဒါကြောင့် မာကုနှင့် ယောဟန်တို့ဟာ ယေရှုရဲ့ ကမ္ဘာမြေပေါ်က ဓမ္မအမှုတော်စတင်တဲ့အချိန်၊ တစ်နည်းအားဖြင့် ယေရှု အသက်သုံးဆယ်ခန့်ရှိချိန်ကနေစပြီး ဇာတ်လမ်းတွေ ရေးသားခဲ့ပါတယ်။
မျှော်လင့်မထားသော မေရှိယ
ဣသရေလနိုင်ငံဟာ အာရှုရိနှင့် ဗာဗုလုန်တို့လက်အောက် ကျဆုံးမယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ပရောဖက်တွေအကြောင်း ကျွန်ုပ်တို့ လေ့လာခဲ့တုန်းက အဲ့ပရောဖက်တွေဟာ ဘုရင်ဒါဝိဒ်ရဲ့ မျိုးရိုးကနေ ဘုရင်၊ မေရှိယ၊ ကယ်တင်ရှင်တစ်ဦး ကြွလာမယ်လို့ ဟောကိန်းထုတ်ခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့ သိရှိခဲ့ရပါတယ်။ ဒီပရောဖက်ပြုချက်တွေဟာ ဂျူးလူမျိုးတွေကို ဣသရေလနိုင်ငံဟာ ကြီးမြတ်တဲ့နိုင်ငံတစ်နိုင်ငံ ထပ်ဖြစ်လာမှာဖြစ်ကြောင်း၊ ဣသရေလနိုင်ငံရဲ့
ရန်သူအားလုံးကို နှိမ်နင်းပြီး ကမ္ဘာကြီးကို အုပ်စိုးမယ့် စွမ်းအားရှင်တွေဖြစ်လာစေမယ့် ဘုရင်တစ်ပါး ကြွချီလာမှာဖြစ်ကြောင်း မျှော်လင့်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပရောဖက်ပြုချက်အားလုံးကို ဂျူးလူမျိုးတို့ မဖတ်ခဲ့ကြပါဘူး၊ ဖတ်ခဲ့မယ်ဆိုရင် သူတို့က ပရောဖက်ပြုချက်တချို့ကို လုံး၀နားလည်လွဲခဲ့ကြတာ ဖြစ်ပါတယ်။ ပရောဖက်တွေက ဘုရားသခင်စေလွှတ်မယ့် မေရှိယအကြောင်း ဖော်ပြချက်နှစ်ခုပေးခဲ့ပါတယ်။ တစ်ခုကတော့ တန်ခိုးကြီးတဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တာ မှန်ပါတယ်။
ဂျူးလူမျိုးတွေ နားမလည်ခဲ့တဲ့အချက်ကတော့ ဒီဘုရင်ဟာ သာမညောင်ည နေရာတစ်ခုကနေ ကြွလာမှာဖြစ်ပြီး ပရိတ်သတ်တွေ စည်စည်ကားကားနဲ့ ကြွလာမှာမဟုတ်ကြောင်း ဖြစ်ပါတယ် (ဗက်လင်မြို့သေးလေးက တိတ်ဆိတ်တဲ့ ညတစ်ညကို မှတ်မိပါသလား)။ ဒီဘုရင်အသစ်ဟာ ဘုရင်တစ်ပါးရဲ့ ဘုန်းတန်ခိုးအာဏာ မဟုတ်ဘဲ ကမ္ဘာမြေကြီးပေါ်က ဝမ်းနည်းပူဆွေးမှုနှင့် နာကျင်မှုကို သိတဲ့သူဖြစ်လာပါလိမ့်မယ်။
ရှုံးနိမ့်ပြီး စိတ်ဓာတ်ကျနေတဲ့ ဂျူးလူမျိုးတွေဟာ သခင်ယေရှုလိုမျိုး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့သူကို မေရှိယအဖြစ် မလိုချင်ကြပါဘူး၊ ဒီထက်ပိုပြီး ဩဇာညောင်းတဲ့သူတစ်ဦးကို လိုချင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတော့ သခင်ယေရှု ကြွတော်မူလာပြီး သူတို့ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့တဲ့အခါ ဒီလူတွေဟာ မေရှိယကို မြင်တဲ့အခါ မေရှိယမှန်း မသိခဲ့ကြပါဘူး။
သခင်ယေရှု၏ သွန်သင်ပြသမှု
ယေရှုဟာ တခြားနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်ရောက်နေတဲ့ နေရာတစ်နေရာမှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်၊ အဲ့အချိန်တုန်းက အင်အားကြီးတဲ့ ရောမအင်ပါယာက အုပ်ချုပ်နေတာဖြစ်ပါတယ်။ ယေရှုဟာ အလွန်ရိုးရှင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ကြီးပြင်းလာခဲ့ပါတယ်။ ဂျူးလူမျိုးတွေဟာ ဘာသာရေးအလွန်ကိုင်းရှိုင်းကြပြီး သူ့အိမ်နီးချင်းတွေဟာ လယ်သမားတွေ၊ တံငါသည်တွေ ဒါမှမမဟုတ် ကုန်သည်တွေ ဖြစ်ပါတယ် (ယေရှုအမေရဲ့ ခင်ပွန်းဖြစ်တဲ့ ယောသပ်က လက်သမားတစ်ဦးဖြစ်ပါတယ်)။
ဒါကြောင့် ယေရှုဟာ သူ့လူ့အဖွဲ့အစည်းကလူတွေ ရင်းနှီးပြီး နားလည်နိုင်တဲ့အရာတွေ ပါဝင်လေ့ရှိတဲ့ ပုံဥပမာလို့ ခေါ်တဲ့ ဇာတ်လမ်းတွေပြောပြရင်း ဝိညာဉ်ရေးရာ အမှန်တရားတွေကို သင်ကြားပြသဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်-
- သူ့လယ်ကွင်းမှာ မျိုးစေ့ကြဲနေတဲ့ လယ်သမားတစ်ဦး (ရှင်မဿဲခရစ်ဝင် ၁၃:၂-၂၃)
- သူ့မိဘတွေစကား နားမထောင်ပေမဲ့ နောက်ဆုံး သူ့အပြစ်တွေအတွက် နောင်တကြီးကြီးမားမားရပြီး မိဘတွေဆီ ပြန်သွားခဲ့တဲ့ သားတစ်ဦး (ရှင်လုကာခရစ်ဝင် ၁၅:၁၁-၃၂)
- သူ့သိုးတစ်ကောင်ကို ဆုံးရှုံးခဲ့တဲ့ သိုးထိန်းတစ်ဦး (ရှင်မဿဲခရစ်ဝင် ၁၈:၁၀-၁၄)
ဖာရိရှဲများ
သခင်ယေရှု အသက်ရှင်စဉ်အခါက ယဇ်ပုရောဟိတ်တွေ (သမ္မာကျမ်းစာမှာ သူတို့ကို ဖာရိရှဲတွေလို့လည်း ခေါ်ပါတယ်၊ ဖာရှိရဲဆိုတာ "သီးခြားစီရှိနေသူများ" လို့ အဓိပ္ပာယ်ရပါတယ်) က ဂျူးလူမျိုးတွေရဲ့ နေ့စဉ်ဘဝကို အုပ်ချုပ်ခဲ့ပါတယ်။ ယဇ်ပုရောဟိတ်တွေက ဒီရာထူးအတွက် ဘုရားသခင်က သီးသန့်ရွေးချယ်ထားတဲ့ ဣသရေလနိုင်ငံရဲ့ လူမျိုးစု တစ်ဆယ့်နှစ်စုထဲက တစ်စုဖြစ်တဲ့ လေဝိသား (လေဝိလူမျိုးစု) တွေကနေ ဆင်းသက်လာခဲ့ကြပါတယ်။ ရှေးယခင်ကလိုမျိုး ဂျူးလူမျိုးတွေကို လမ်းလွဲခြင်းကနေ ကင်းဝေးစေဖို့က သူတို့တာဝန်လို့ ယူဆခဲ့ကြပါတယ်။ လူတွေအတွက် သမ္မာကျမ်းစာကို ဖတ်ရှုပြီး အဓိပ္ပာယ်ပြန်ဆိုဖို့က သူတို့ရဲ့အလုပ်ပါပဲ။ (ဘုရားသခင်ဟာ သမ္မာကျမ်းစာကို လူတိုင်းအတွက် ရည်ရွယ်ကြောင်း စောစောက ပြောခဲ့တာကို မှတ်မိပါသလား။)
ယေရှုဟာ လေဝိလူမျိုးစုကနေ ဆင်းသက်လာတာမဟုတ်တာကြောင့် ယေရှုဟာ ယဇ်ပုရောဟိတ်မဟုတ်ပါဘူး။
ရဗ္ဗိတစ်ဦး ဒါမှမဟုတ် ကျမ်းစာပါ အမှန်တရားတွေနှင့် အသိပညာတွေအကြောင်း သင်ပြပေးတဲ့ ဆရာတစ်ဦးဖြစ်ဖို့အတွက် အမျိုးသားတစ်ဦးဟာ အထူးရဗ္ဗိစာသင်ကျောင်းမှာ လေ့ကျင့်မှုကာလကြာမြင့်စွာ ဖြတ်သန်းဖို့လိုပါတယ်။
ယေရှုဟာ ရဗ္ဗိကျောင်း မတက်ခဲ့တာကြောင့် ဖာရိရှဲတွေက သူ့ကို “အရည်အချင်းပြည့်မီ" တယ်လို့ မယူဆခဲ့ကြပါဘူး။
ဒါကြောင့် ယေရှုဟာ သူ့ရဲ့ဓမ္မအမှုအစကတည်းက ဘာသာရေးအုပ်စိုးရှင်တွေနဲ့ ပဋိပက္ခဖြစ်နေခဲ့ပါတယ်။ ဒီလိုဖြစ်နေသည့်တိုင် ယေရှုရဲ့ သွန်သင်ဆုံးမမှုကို နားထောင်ဖို့ လူတွေ အုံလိုက်စုဝေးခဲ့ကြပါတယ်။ တောင်ပေါ်ဒေသနာ ဟောပြောပွဲ (ရှင်မဿဲခရစ်ဝင်ကျမ်းရဲ့ အခန်းကြီး ၅ နှင့် ရှင်လုကာခရစ်ဝင်ကျမ်းရဲ့ အခန်းကြီး ၆ တို့မှာ တွေ့နိုင်ပါတယ်) လို့ ခေါ်တဲ့ သူ့ရဲ့ အကျော်ကြားဆုံး သွန်သင်ဆုံးမမှုတွေထဲကတစ်ခုမှာ သူပြောခဲ့တဲ့ အချက်တိုင်းနီးပါးဟာ ဖာရိရှဲတွေက လူတွေကို ယုံကြည်ခိုင်းထားတဲ့ အရာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
သခင်ယေရှုက သူ့နောက်လိုက်တွေကို လေ့လာစေလို့တဲ့ အဓိက အတွေးအခေါ်တချို့က အောက်ပါအတိုင်းဖြစ်ပါတယ်-
- ဘုရားသခင်က လူတွေကို ချစ်ခင်ပြီး လူတွေက သူ့ကို ပြန်ချစ်တာကို လိုလားပါတယ်။ ဘုရားသခင်အပေါ်ထားတဲ့ ချစ်မေတ္တာကို ပြသဖို့နည်းတွေထဲက တစ်နည်းကတော့ ပညတ်တရားရဲ့ စာလုံးတိုင်းကို လိုက်နာရုံသာမက ပညတ်တရားရဲ့ သဘောတရားကိုပါ လိုက်နာခြင်း ဖြစ်ပါတယ်။ ဒီတော့ သခင်ယေရှုက သူ့နောက်လိုက်တွေကို ရိုးသားဖို့သာမက ကရုဏာထားတတ်ဖို့၊ ကြင်နာတတ်ဖို့နဲ့ တရားမျှတဖို့ ဆုံးမခဲ့ပါတယ်။
- သခင်ယေရှုဟာ သူ့နောက်လိုက်တွေကို ချစ်ခြင်းမေတ္တာအားဖြင့် ထင်ရှားစေလိုပါတယ်၊ ယုံကြည်သူတွေအချင်းချင်း ချစ်မေတ္တာထားရှိဖို့သာမက ကိုယ့်ရန်သူအတွက်ပါ ချစ်မေတ္တာထားဖို့ သွန်သင်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ယုံကြည်သူတွေကို သူတို့အပြစ်တွေကနေ ခွင့်လွှတ်ပေးဖို့ ကတိပေးခဲ့ပါတယ်၊ သူက ကျွန်ုပ်တို့ကို အချင်းချင်း ခွင့်လွှတ်စေလိုပါတယ်။
ယေရှုဟာ သူ့နောက်လိုက်တွေကို သိစေလိုတဲ့ အရေးကြီးဆုံးအချက်ကတော့ သူဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကြောင်းနဲ့ သူ့ဆီကနေမှတစ်ဆင့်သာ အပြစ်ကနေ ကယ်တင်ခံရနိုင်မှာဖြစ်ကြောင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာပါ အကျော်ကြားဆုံးအခန်းငယ်တွေထဲက တစ်ခုဟာ လူသားတို့နဲ့အတူ ဘုရားသခင် ရေးဆွဲနေတဲ့ ပဋိညာဉ်သစ်ကို ကြေညာခဲ့ပါတယ်၊ ရှင်ယောဟန်ခရစ်ဝင် ၃:၁၆-
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
သခင်ယေရှုဆီက ဒီကြေညာချက်က အကြောင်းရင်းနှစ်ရပ်ကြောင့် အရေးပါတဲ့ ပြောင်းလဲမှုကို ဖြစ်စေခဲ့ပါတယ်- ပထမတစ်ချက်ကတော့ ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဂျူးလူမျိုးများစွာက လက်မခံနိုင်ကြပါဘူး။ သာမန်လူတစ်ယောက်က ဘုရားသခင် ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ယေရှု အသက်ရှင်စဉ်အခါက ဘာသာရေးခေါင်းဆောင်တွေ လက်မခံနိုင်တဲ့ ဒုတိယအယူအဆကတော့ ကယ်တင်ခြင်းကို ဂျူးလူမျိုးတွေအတွက်သာ သီးသန့်ချန်ထားတာ မဟုတ်တော့ကြောင်း ဖြစ်ပါတယ်။ သူ့ကို ယုံကြည်သူတိုင်းဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ရောက်မှာဖြစ်ကြောင်း သခင်ယေရှုက မိန့်တော်မူခဲ့ပါတယ် (ရှင်ယောဟန်ခရစ်ဝင် ၁း၁၂)။
ဇဒ္ဒုကဲများ
သခင်ယေရှု အသက်ရှင်စဉ်ကာလက နေထိုင်ခဲ့ကြတဲ့ ဇဒ္ဒုကဲခေါ် ကြွယ်ဝချမ်းသာပြီး ထင်ရှားတဲ့ ဂျူးလူမျိုးအုပ်စုဟာ နိုင်ငံရေးအာဏာတချို့ ပိုင်ဆိုင်နိုင်ဖို့အတွက် ရောမလူမျိုးတွေနဲ့ နိုင်ငံရေး စီစဉ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဇဒ္ဒုကဲတွေဟာ တစ်ခါတစ်ရံမှာ သူတို့ဂျူးလူမျိုးတွေဆီက ရောမအခွန်တွေ ကောက်ခံဖို့တာဝန်ယူကြပြီး မကြာခဏဆိုသလို မရိုးမသားနဲ့ အမှန်တကယ်ကောက်ရမယ့် ပမာဏထက် ပိုကောက်ခံပြီး အပိုငွေကို သူတို့ယူခဲ့ကြပါတယ်။ ဇဒ္ဒုကဲတွေဟာ ဂျူးလူမျိုးတွေ မုန်းတီးတဲ့ ရောမလူမျိုးတွေနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့အတွက် ဂျူးလူမျိုးအများအပြားဟာ သူတို့ကို သစ္စာဖောက်တွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဂျူလူမျိုးတွေက ပုန်ကန်ဖို့ မကြာခဏ ပြောဆိုလေ့ရှိကြပါတယ်။ ရောမတွေရဲ့ ကြမ်းတမ်းတဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့ တအားခံပြင်းကြပါတယ်။ ဇဒ္ဒုကဲတွေဟာ ဂျူးတွေနှင့် ရောမတွေကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့က သူတို့တာဝန်ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဂျူးလူမျိုးတွေက ရောမတွေကို ဒုက္ခပိုနည်းနည်းပေးလေ လူတိုင်းအတွက် အရာရာပိုအဆင်ပြေလေလို့ ဇဒ္ဒုကဲတွေက ယူဆကြပါတယ်။
သခင်ယေရှုနှင့်ဖြစ်သော ပြဿနာ
အစောပိုင်းက ကျွန်ုပ်တို့ပြောခဲ့တဲ့အတိုင်း သခင်ယေရှုဟာ လူစုလူဝေးတွေကို သွန်သင်ဆုံးမပြီး ဘုရားသခင်နှင့် သူ့မေတ္တာတော်အကြောင်းကို လူတိုင်းဆီ သတင်းကောင်း ဖြန့်ဝေခဲ့ပါတယ်။ ဖာရိရှဲတွေက ဒီလုပ်ရပ်ကို လုံးဝမကြိုက်ကြပါဘူး။ ဂျူးလူမျိုးတွေကြားတွင် သူတို့သာ တစ်ဦးတည်းသော ဘာသာရေးဆိုင်ရာ အခွင့်အာဏာရှိသူတွေ ဖြစ်ချင်ကြပါတယ်။ သခင်ယေရှုဟာ ယဇ်ပုရောဟိတ်တွေထက် လူတွေကို ဘာသာရေးကိစ္စရပ်တွေအကြောင်း ပိုနက်နက်နဲနဲ တွေးတောဖို့ သင်ပေးခဲ့တာကြောင့် လူတွေက သူ့ကို ချစ်ကြပါတယ်။
ဇဒ္ဒုကဲတွေကလည်း ယေရှုနားမှာ လူအုပ်ကြီးရှိနေတာကို မကြိုက်ကြပါဘူး။ လူစုလူဝေးကို အလွယ်တကူ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သခင်ယေရှုကသာ သူ့နားက လူအုပ်ကြီးကို ရောမမြို့ကို ပုန်ကန်ဖို့ နှိုးဆော်တဲ့အခါ အဲဒါကို တားဆီးဖို့ သူတို့လုပ်နိုင်တာ ဘာရှိပါ့မလဲ။
ဂျူးလူမျိုးတွေ ဘယ်လောက်ပဲများပြားပါစေ ရောမစစ်တပ်ရဲ့အင်အားနဲ့တော့ ယှဉ်လို့မရနိုင်မှန်း ဇဒ္ဒုကဲတွေက သိပါတယ်။ ရောမတွေသာ ဂျူးတွေရဲ့ပုန်ကန်မှုကို ဖြိုခွင်းခဲ့ရမယ်ဆိုရင် သူတို့ကို လုံး၀ ချေမှုန်းပစ်မှာ ဖြစ်ပါတယ် (သခင်ယေရှုရဲ့ ကမ္ဘာမြေပေါ် ကြွလာပြီး ၃၅ နှစ်ခန့်ကြာပြီးနောက်မှာ ဒီဖြိုခွင်းမှုကြီး အတိအကျဖြစ်ခဲ့ပါတယ်)။ အဲ့အခါ သူတို့ရဲ့ ရောမတွေနဲ့ ညှိယူထားတဲ့ နိုင်ငံရေးအာဏာက အရာထင်တော့မှာမဟုတ်တာကြောင့် ဇဒ္ဒုကဲတွေဟာ ယေရှုလို လူထုကို နှိုးဆွပေးနေသူတစ်ဦးကြောင့် အာဏာအဆုံးရှုံးခံမှာ မဟုတ်ပါဘူး။
သခင်ယေရှုလုပ်ခဲ့တာတွေထဲက အဆိုးဆုံးအရာကတော့ သူဟာ ဘုရားသခင်ရဲ့သားတော် အမှန်တကယ်ဖြစ်ကြောင်း လူထုထံ ကြေညာလိုက်ခြင်းပဲဖြစ်ပါတယ်။ သူဟာ လူတွေ အချိန်အကြာကြီး စောင့်မျှော်နေကြတဲ့ မေရှိယဖြစ်တော်မူကြောင်းကို ပြောပြခဲ့ပါတယ်။ ဖာရိရှဲတွေအတွက် ဒါဟာ ဘုရားသခင်အပေါ် ကဲ့ရဲ့စော်ကားမှုတစ်ခု (ဘုရားသခင်အပေါ် အဆုံးစွန် မရိုသေခြင်း) ဖြစ်ပါတယ်။ ဂျူးဥပဒေအရ သေဒဏ်ပေးထိုက်တဲ့ ရာဇ၀တ်မှုတစ်ခု ဖြစ်ပါတယ်။
သခင်ယေရှုဟာ မေရှိယဖြစ်ကြောင်း သူ့ပြောဆိုချက်ကို သက်သေပြပေးနိုင်တဲ့ နိမိတ်လက္ခဏာတွေနှင့် အံ့ဖွယ်အမှုများစွာကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ပါတယ်၊ သူဟာ ဖျားနာသူတွေကို ကုသပေးပြီး မျက်စိကန်းသူတွေကို ပြင်မြင်စေသလို ခြေမစွမ်းသူတွေကို လမ်းပြန်လျှောက်နိုင်စေခဲ့ပါတယ်။ လူတစ်ယောက်ကို သေရာကနေတောင် ပြန်အသက်သွင်းပေးခဲ့ပါတယ်။
ယေရှုကို ဖာရိရှဲတွေ (လူထုကို သူတို့အချုပ်အာဏာအပေါ် သံသယဝင်စေတာကြောင့်) နဲ့ ဇဒ္ဒုကဲတွေ (သခင်ယေရှုဟာ သူတို့ရဲ့ အာဏာကို ထိပါးလာနိုင်တာကြောင့်) က အန္တရာယ်တစ်ခုအဖြစ် မှတ်ယူခဲ့ပါတယ်။
ဖာရိရှဲတွေနှင့် ဇဒ္ဒုကဲတွေက သာမန်အားဖြင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးမှုမရှိကြပေမဲ့ အခုအခါမှာတော့ သူတို့မှာ ဘုံရန်သူတစ်ဦးဖြစ်တဲ့ ယေရှုရှိနေပြီဖြစ်ပါတယ်။
တစ်ညမှာ သခင်ယေရှု ဆုတောင်းနေစဉ်မှာ ယေရှုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ (တပည့်တော် ဆယ့်နှစ်ပါး) ထဲက တစ်ဦးဖြစ်တဲ့ ယုဒရှကာရုတ်ဟာ ဖာရိရှဲနှင့် ဇဒ္ဒုကဲတွေပါတဲ့ အုပ်စုတစ်စုကို ယေရှုဆုတောင်းနေကျနေရာဖြစ်တဲ့ ဂေသရှေမန်ဥယျာဉ်ဆီ ခေါ်သွားခဲ့ပါတယ်။ သခင်ယေရှုဟာ သူ ဘယ်ရာဇ၀တ်မှုမှ မကျူးလွန်ထားကြောင်း သိပေမဲ့လည်း အဖမ်းခံရခြင်းကနေ ရုန်းထွက်ခြင်းမရှိခဲ့ပါဘူး။
ယေရှုကို စွပ်စွဲသူတွေဟာ သူ့ကို လျှို့ဝှက်စွာ တရားစီရင်ဖို့ ဗိမာန်တော်ရဲ့ ယဇ်ပုရောဟိတ်မင်း ကယာဖထံ ခေါ်သွားကြပါတယ်။ ယေရှုဟာ သူ့ကိုယ်သူ မေရှိယဖြစ်ကြောင်း မိန့်တော်မူတဲ့အတွက်ကြောင့် ဘုရားသခင်ကို ကဲ့ရဲ့စော်ကားရာရောက်ပြီး အပြစ်ရှိကြောင်း ကယာဖကို ပြောခဲ့ကြပါတယ်။
ယဇ်ပုရောဟိတ်မင်းရှေ့မှာ သခင်ယေရှုက ဒီလို မိန့်ဆိုခဲ့ပါတယ်- "ငါသည် မေရှိယအမှန်ဖြစ်၏။ နောင်ကာလ၌ တန်ခိုးတော်၏လက်ယာဘက်၌ ငါထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့။" (ရှင်မာကုခရစ်ဝင် ၁၄:၆၂)
ယေရှုမှာ အပြစ်ရှိကြောင်း “သက်သေ” ပြဖို့ အကျင့်ပျက် မျက်မြင်သက်သေတွေ စုဝေးခဲ့ပေမဲ့ ယေရှုရဲ့ ပြောဆိုချက်တစ်ခုတည်းနဲ့တင် သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံနေခြင်းဖြစ်တယ်လို့ ကယာဖက ဆုံးဖြတ်ခဲ့ပါတယ်။ ယေရှုကို သေဒဏ်ပေးသင့်တယ်လို့ သူစီရင်ချက် ချလိုက်ပါတယ်။
ရောမဘုရင်ခံ ပုန္တိပိလတ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဂျူးလူမျိုးတွေဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ကို မချမှတ်နိုင်ပါဘူး။ ယဇ်ပုရောဟိတ်တွေဟာ ယေရှုကို ပိလတ်မင်းရှေ့မှောက် ခေါ်ဆောင်ပြီး ယေရှုဟာ သစ္စာဖောက်မှုကျူးလွန်ခဲ့ကြောင်း ပြောပါတယ်၊ သူ့ကိုယ်သူ မေရှိယဖြစ်ကြောင်း ပြောခြင်းဟာ သူ့ကိုယ်သူ ဂျူးလူမျိုးတွေရဲ့ ရှင်ဘုရင်ဖြစ်ကြောင်း ပြောခြင်းနဲ့ အတူတူပင်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ရောမဥပဒေအောက်မှာ ဆီဇာကလွဲပြီး ဘယ်သူမှ သူ့ကိုယ်သူ ဘုရင်လို့ မခေါ်ဆိုနိုင်ပါဘူး။
ယေရှုဟာ သူ့ကို တရားစီရင်နေစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် မတောင်းဆိုခဲ့တာကြောင့် သူ့ကိုယ်သူ ဘုရင်ဖြစ်ကြောင်း အလေးအနက် အတည်ပြောဆိုနေတယ်လို့ ပိလတ်မင်းက မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျူးယဇ်ပုရောဟိတ်တွေက ယေရှုကို အဆုံးစီရင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပိလတ်မင်းက ပြစ်မှုထင်ရှားစီရင်ခံရတဲ့ လူသတ်သမား ဗာရဗ္ဗကို လွှတ်ပေးရမလား ဒါမှမဟုတ် ယေရှုကို လွှတ်ပေးရမလားဆိုပြီး ရွေးခိုင်းတဲ့အခါ လူအားလုံးက ယေရှုကို အဆုံးစီရင်ဖို့ အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ (ရှင်မာကုခရစ်ဝင် ၁၅:၆-၁၃)
သခင်ယေရှု သေဆုံးပြီး ရှင်ပြန်ထမြောက်ခြင်း
ကားစင်တင်ခြင်းဟာ ရောမလူမျိုးတွေ အသုံးပြုတဲ့ သေဒဏ်တစ်မျိုးဖြစ်ပါတယ်။ ရှက်စရာအကောင်းဆုံး သေနည်းတစ်ခုဖြစ်ပါတယ်။ ပန်းချီတွေ၊ ရုပ်ထုတွေမှာ သခင်ယေရှုကို ခါးစည်းဝတ်ထားတယ်လို့ အများအားဖြင့် သရုပ်ဖော်ထားပေမဲ့ အမှန်စင်စစ်ကတော့ တခြားသူတွေက သူ့ကို ကိုယ်လုံးတီးမြင်နိုင်စေဖို့ သူ့အဝတ်အစားတွေကို အကုန်ချွတ်ထားခဲ့ပါတယ်။ အထူးသဖြင့် ကားစင်တင်သတ်တာကို အဆိုးဆုံး ရာဇ၀တ်သားတွေအတွက်သာ ရောမတွေက အသုံးပြုတာဖြစ်တဲ့အတွက် ရှက်စရာကောင်းရခြင်း ဖြစ်ပါတယ်။
ဂျူးလူမျိုး စွပ်စွဲသူတွေနှင့် ရောမလူမျိုး အစောင့်တွေက ယေရှုကို တစ်ညတာ ရိုက်နှက်ပြီးနောက်မှာ လက်ဝါးကပ်တိုင်ကို သူ ကားစင်တင်ခံရမယ့်နေရာကို သယ်ဆောင်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။ ရိုက်နှက်ခံထားရတာကြောင့် ယေရှုက အရမ်းအားနည်းနေပြီး လက်ဝါးကပ်တိုင်ရဲ့ အလေးချိန်ကို မခံနိုင်ပါဘူး၊ အဲ့တာနဲ့ လမ်းမှာတွေ့တဲ့ ကျွန်တစ်ဦးကို ယေရှုရဲ့ လက်ဝါးကပ်တိုင်ကို သူ့အတွက်ထမ်းပေးဖို့ အမိန့်ပေးခဲ့ပါတယ်။
ကားစင်တင်မယ့်နေရာရောက်တဲ့အခါ ရောမအစောင့်တွေက ယေရှုရဲ့လက်ကို လက်ဝါးကပ်တိုင်မှာ သံစိုက်ရိုက်လိုက်ကြပါတယ်။ အဲ့နောက် ယေရှုဆီက သူတို့ယူခဲ့တဲ့ အဝတ်အစားကို ဘယ်သူယူမလဲ လောင်းကစားလုပ်ခဲ့ကြပါတယ်။
လူတစ်ယောက်ဟာ လက်ဝါးကပ်တိုင်မှာ သေဖို့ ရက်အတော်ကြာ ပြင်းထန်စွာ ဝေဒနာခံစားရလေ့ရှိပေမဲ့ ယမန်နေ့ညက ယေရှုရခဲ့တဲ့ ဒဏ်ရာတွေနဲ့ သွေးဆုံးရှုံးမှုတွေကြောင့် သူမြန်မြန်ကွယ်လွန်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ယေရှုဟာ ကားစင်တင်ခံရတဲ့နေ့မှာပဲ သေဆုံးခဲ့ပါတယ်။
ဂေသရှေမန်ဥယျာဉ်မှာ ယေရှု ဖမ်းဆီးခံရတဲ့အခါ သူ့မိတ်ဆွေအများစုက သူ့ကို စွန့်ပယ်ခဲ့ကြပေမဲ့ ယောသပ်အမည်ရှိ အရိမသဲမြို့သားတစ်ဦးဟာ ယေရှုကို ကောင်းကောင်းမွန်မွန် မြှုပ်နှံဖို့ ပိလတ်မင်းထံသွားပြီး ယေရှုရဲ့ ရုပ်အလောင်းကို သတ္တိရှိရှိ တောင်းဆိုခဲ့ပါတယ်။
သူဟာ ယေရှုရဲ့ အလောင်းကို ပိတ်ချောနဲ့ ရစ်ပတ်ပြီး ကျောက်တုံးတွေကနေ ထွင်းထုထားတဲ့ သင်္ချိုင်းဂူထဲ ထည့်ထားခဲ့ပါတယ်။ အဲ့နောက် အပေါက်ဝကို ကျောက်တုံးကြီးတစ်တုံးနဲ့ လှိမ့်ပိတ်ပြီး ထွက်သွားခဲ့ပါတယ်။
ယေရှုဟာ လူသားမျိုးနွယ်ရဲ့ အပြစ်အတွက် နောက်ဆုံးပေးဆပ်မှုအဖြစ် သူသေပေးရလိမ့်မယ်လို့ တပည့်တော်တွေကို အကြိမ်ကြိမ်ပြောဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်သူမှ သူပြောတာကို နားမလည်ခဲ့ကြပါဘူး။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ခဲ့ရင်၊ သူဟာ ဘုရားသခင်ကတိပြုထားတဲ့ မေရှိယဖြစ်တယ်ဆိုရင် ဘာလို့သေရမှာလဲလို့ သူတို့ ထင်ခဲ့ကြပါတယ်။
သခင်ယေရှု သေဆုံးပြီး သုံးရက်မြောက်နေ့မှာ သူနဲ့ရင်းနှီးတဲ့ အမျိုးသမီးတချို့ဟာ သူ့ကိုမြှုပ်ထားတဲ့ သင်္ချိုင်းဂူဆီ သွားခဲ့ကြပါတယ်။ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို အထူးနံ့သာတွေ လိမ်းကျံခြင်းဟာ ဂျူးတွေရဲ့ အစဉ်အလာဖြစ်ပါတယ်။ သူတို့သွားရာလမ်းတစ်လျှောက် သင်္ချိုင်းဂူရှေ့ လှိမ့်ပိတ်ထားတဲ့ ကျောက်တုံးကြီးကို ဘယ်လိုရွှေ့ရမလဲဆိုတာကို စဉ်းစားနေခဲ့ကြပါတယ်။
သူတို့တွေ ရောက်တဲ့အခါ ကျောက်တုံးကြီးက လှိမ့်ထွက်ခဲ့ပြီးဖြစ်ပြီး သင်္ချိုင်းဂူက လွတ်နေတာကို တွေ့တော့ အံ့သြသွားကြပါတယ်။
ယေရှုအလောင်းတော်ရှိရာမှာ ထိုင်နေတဲ့ ကောင်းကင်တမန်တော်က "မကြောက်ကြနှင့်။ ယေရှုဟာ သူမိန့်တော်မူခဲ့သည့်အတိုင်း သေခြင်းမှ ထမြောက်တော်မူသွားပြီ" လို့ ပြောခဲ့ပါတယ်။ ကောင်းကင်တမန်တော်က အမျိုးသမီးတွေကို သူတို့ရဲ့သူငယ်ချင်းတွေဆီ ပြန်ပြီး ယေရှုဟာ သေခြင်းမှ ထမြောက်သွားပြီဆိုတဲ့ သတင်းကောင်းကို ပြောပြဖို့ မှာကြားလိုက်ပါတယ်။ (ရှင်မာကုခရစ်ဝင် ၁၆:၆-၇)
အဲဂုတ္တုပြည်မှာ ကျွန်ခံခြင်းကနေ လွတ်မြောက်ခဲ့တာကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ဂျူးလူမျိုးတို့ ပသခါပွဲ ကျင်းပသလိုပဲ ခရစ်ယာန်ဘာသာဝင်တွေကလည်း အီစတာတနင်္ဂနွေကို သမိုင်းတစ်လျှောက် အခမ်းနားဆုံးပွဲအဖြစ် ကျင်းပခဲ့ကြပါတယ်၊ ယေရှုဟာ သေခြင်းမှ ထမြောက်ခဲ့ပြီး
လူသားတို့အပေါ် စိုးမိုးထားတဲ့ သေခြင်းတရားရဲ့ တန်ခိုးကို လွန်ဆန်ကာ ကျွန်ုပ်တို့ရဲ့ အပြစ်အားလုံးအတွက် ခွင့်လွှတ်မှုကို ရရှိစေခဲ့ပါတယ်။
ယေရှုရဲ့ သင်္ချိုင်းဂူထဲမှာ သူ့ရုပ်အလောင်းမရှိတာကို သူ့သူငယ်ချင်းတွေ ကြားတဲ့အခါ မယုံနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ သခင်ယေရှုဟာ ရှင်ပြန်ထမြောက်ပြီးနောက်မှာ တပည့်တော်ဆယ့်တစ်ပါးစီ အကြိမ်ပေါင်းများစွာ ထင်ရှားပြသတော်မူခဲ့ပါတယ်။ သူဟာ ပရောဖက်ပြုချက်များစွာကို ပြည့်စုံစေခဲ့သူဖြစ်ကြောင်း သူတို့နားဝင်အောင် အချိန်အတန်ကြာ ပြောဆိုခဲ့ပြီး နောက်ဆုံးမှာ ကားစင်တင်မသတ်မီ သခင်ယေရှုက သူတို့ကို သွန်သင်ပေးခဲ့တဲ့ အမှန်တရားအားလုံးကို သူတို့မျက်လုံးတွေထဲမှာ မြင်ယောင်လာခဲ့ပါတယ်။ (ရှင်လုကာခရစ်ဝင် ၂၄:၂၇)
သခင်ယေရှုသည် ကောင်းကင်ဘုံကို တက်တော်မူသည်
သခင်ယေရှုဟာ ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်းလေးဆယ်ကျော်ကာလအတွင်းမှာ တပည့်တော်တွေထံ ဆက်လက် ကိုယ်ထင်ပြခဲ့ပါတယ်။ တစ်ခါက သူတို့နဲ့ ထမင်းအတူ စားနေတုန်းမှာ သူတို့ထံ ကတိပေးထားတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လက်ဆောင်ကို မရခင်အထိ ယေရုရှလင်မြို့ကနေ ထွက်မသွားကြဖို့ မှာကြားခဲ့ပါတယ်။ (ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၆)
သခင်ယေရှုဟာ သူတို့ထံ ကိုယ်ထင်ပြတဲ့ နောက်ဆုံးအကြိမ်မှာ တပည့်တော်တွေဟာ သူ့ကို အခုအခါ ဣသရေလပြည်ကို ယခင်လို ခမ်းနားထည်ဝါအောင် ပြန်လည်ထူထောင်မလားလို့ မေးကြပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ခမည်းတော်ဖြစ်တဲ့ တစ်ဆူတည်းသော ဘုရားသာ သိဖို့လိုအပ်ကြောင်း ယေရှုက ဖြေကြားခဲ့ပါတယ်။ (တမန်တော်၀တ္ထု ၁:၇)
တပည့်တော်အပေါင်းတို့ သူ့ရှေ့မှာ ရပ်နေစဉ်မှာပဲ ယေရှုဟာ မြှောက်တက်သွားပြီး သူတို့နှင့်ဝေးရာကို ကြွသွားခဲ့ပါတယ်။ တပည့်တော်တွေဟာ သူတို့အမြင်အောက်ကနေ ယေရှုပျောက်မသွားမချင်း အဆက်မပြတ်ကြည့်နေခဲ့ပါတယ်။ သခင်ယေရှုဟာ သူ့ခမည်းတော်နှင့်အတူရှိဖို့ ကောင်းကင်ဘုံကို ကြွတော်မူခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာ မပြီးသေးပါဘူး။ တကယ်တော့ ဒါဟာ အစပဲ ရှိပါသေးတယ်။